Tuesday, November 13, 2012

0 အိုဘားမား၏မြန်မာခရီးသည် တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းမရှိဟု တရုတ်တာဝန်ရှိသူပြောကြား

(Return မှ 10 Nov 2012 ရက်စွဲပါ “Obama’s Myanmar trip no threat to Chinese interests, says official” သတင်းကို ဘာသာပြန်ဆိုသည်။)

အမေရိကန်သမ္မတဘားရက်အိုဘားမား၏ ယခုလမြန်မာခရီးစဉ်သည် မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားကိုခြိမ်းခြောက်ခြင်းမရှိဟု နယ်စပ်ဒေသ သော့ချက်ဖြစ်သော ယူနန်ပြည်နယ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက မနေ့က ပြောဆိုသည်။

မဟာဗျူဟာမြောက်အရေးပါသော မြန်မာနိုင်ငံတွင် တရုတ်တို့ကြီးစိုးထားခြင်းကိုတန်ပြန်ထိန်းညှိရာတွင် အထောက်အကူဖြစ်မည်ဟု အမေရိကန်တို့က ယုံကြည်ထားသော ယိုင်နဲ့နဲ့ဒီမိုကရေစီကူးပြောင်းမှုအပေါ် အခိုင်အမာဆုံးနိုင်ငံတကာအားပေးထောက်ခံမှုအဖြစ်ရောက်ရှိလာမည့် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်ခေါင်းဆောင်ဖြစ်လာလိမ့်မည်။

မြန်မြန်ဆန်ဆန်ဒီမိုကရက်တိုင်ဇေးရှင်းလုပ်နေသောမြန်မာနိုင်ငံတွင် အမေရိကန်တို့ထိတွေ့ဆက်ဆံလာခြင်းသည် တရုတ်-မြန်မာ စီးပွားဖက်၊ မိတ်ဖက် ဆက်ဆံရေးကို ခြိမ်းခြောက်နိုငသည်ဟု တရုတ်မီဒီယာများ၊ ပညာရှင်များနှင့် သံတမန်အချို့က စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းမှုသည် တရုတ်တို့အတွက် အကျိုးရှိမည်ဖြစ်၍ ၎င်းတို့ တံခါးဖွင့်ခြင်းကို တရုတ်က အပြည့်အဝထောက်ခံသည်ဟု ပြောကြားသူမှာ မြန်မာနိုင်ငံနှင့် ကပ်လျက် ယူနန်ပြည်နယ်မှ
ကွန်မြူနစ်ပါတီ အကြီးအကဲ ကွင်ဂွမ်ရောင် ဖြစ်ပါသည်။

အိုဘားမား၏ မြန်မာခရီးစဉ်အပေါ် ကွင်ဂွမ်ရောင်က ကျေနပ်နှစ်သက်မှုရှိသည်ဟု ဆိုသည်။

“တံခါးဖွင့်ပြီး ကမ္ဘာကြီးနဲ့ပြန်လည်ဆက်ဆံချင်တဲ့ မြန်မာအာဏယပိုင်တွေရဲ့ဆန္ဒကို ကျွန်တော်တို့နားလည်တယ်။ အားပေးတယ်။ မြန်မာ ခေါင်းဆောင်တွေဟာ သူတို့နိုင်ငံတံခါးဖွင့်တဲ့လမ်းကြောင်းကို ပညာသားပါပါနဲ့ လုပ်ဆောင်သွားကြလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ တရုတ်ပြည်သူတွေဟာ မြန်မာနိုင်ငံရဲ့မိတ်ဆွေစစ်တွေဖြစ်တယ်ဆိုတာကို သူတို့သိပါတယ်။”ဟု ကွင်ဂွမ်ရောင်က ကွန်မြူနစ်ပါတီညီလာခံ အဝန်းအဝိုင်း တွင်သတင်းထောက်များအားပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်နှင့်တိုင်းရင်းသားတပ်များ၏တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များဝင်လာဦးမလား၊ တရုတ်ပြည် အနောက် တောင်ပိုင်းသို့ မူးယစ်ဆေးဝါးများစီးဝင်လာမှာလား စသည်ဖြင့် များစွာဆင်းရဲချို့တဲ့သော အိမ်နီးချင်းမြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများကို ကာလရှည်ကြာ စိုးရိမ်ပူပန်နေခဲ့ရသည်။

ပိုမိုတည်ငြိမ်လာသည့်မြန်မာနိုင်ငံသည် အနောက်အုပ်စု ရင်းနှီးမြှုပ်နှံမှုများမရှိခင်ကာလက နေရာဦးဖျာခင်းထားကြသောတရုတ်ကုမ္ပဏ်ီများ အတွက် ပိုမိုလွယ်ကူစေမည်ဖြစ်သော်လည်း ပြိုင်ဆိုင်မှုကိုပါ မလွဲမသွေခင်းကျင်းပေးတော့မည်ဖြစ်သည်။ အမေရိကန်နှင့် အီးယူသည် ယခုအခါ Sanctions များ ရုတ်သိမ်းပေး၍ ဝင်ရောက်လာနေကြပြီ ဖြစ်သည်။

၁၇ နှစ်အကြာ အပစ်ရပ်ဆဲထားမှုကျိုးပေါက်ကာပြန်လည်တိုက်ခိုက်နေကြသော မြန်မာစစ်တပ်နှင့်ကချင်တပ်ဖွဲ့အကြား စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို ယူနန်ပြည်နယ်တွင်လက်ခံပြုလုပ်ပေးနေသည်ဟု ကွင်ဂွမ်ရောင်က ထောက်ပြပြောဆိုသည်။

“ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းမှု၊ တိုင်းရင်းသားညီညွတ်မှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ နယ်စပ်ဒေသအေးချမ်းမှုတွေကို မျှော်လင့်နေပါတယ်။ စစ်ပွဲနဲ့ပဋိပက္ခနွံထဲကို မြန်မာတွေပြန်ရောက်သွားမှာကိုကျွန်တော်တို့မမြင်ချင်ပါဘူး။ အရေးပါတဲ့အပြောင်းအလဲများစွာဖြစ်ပေါ်စေခဲ့တဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကို ယူနန်ပြည်နယ်က ထပ်ချပ်မကွာစောင့်ကြည့်နေပါတယ်” ဟု ကွင်ဂွမ်ရောင်က ဆိုပါသည်။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းအချို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာရှိနေဆဲပင်ဖြစ်ပြီး အထူးသဖြင့် မြန်မာနှင့် ယူနန်အား သွယ်တန်းနေသော ရေနံ၊ ဓါတ်ငွေ့အမြွှာပိုက်လိုင်း စီမံကိန်းပင် ဖြစ်ပါသည်။

တရုတ်တို့ကိုစတင်ရှောင်ရှားသည့်အနေဖြင့် အကြီးစားမြစ်ဆုံတမံစီမံကိန်းကို သမ္မတဦးသိန်းစိန်က မနှစ်က ရပ်ဆိုင်းထားလိုက်သော သာဓက လည်း ရှိနေပါသည်။

ကွင် ကဆက်လက်၍ “မြန်မာနိုင်ငံဟာ သူ့နယ်မြေထဲမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့လုံခြုံမှုကို ကာကွယ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းတွေကိုပူးပေါင်းဆောင်ရွက်ခြင်းဟာ နှစ်ဖက်စလုံးကိုအကျိုးဖြစ်ထွန်းစေမှာမို့ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။ Yangon Chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.