Thursday, October 18, 2012

0 မြန်မာနိုင်ငံက ပေးဆပ်ရန် ရှိသည့် ကြွေးမြီ ထက်ဝက်ကျော်ကို ပယ်ဖျက်ပြီး ၆ လအကြာ တွင် မြန်မာနိုင်ငံသို့ တိုက်ရိုက် ချေးငွေ ထုတ်ပေးမည် ဟု ဂျပန်ကြေညာ

Myanmar’s finance minister Win Shein (left) and Japanese counterpart Koriki Jojima meet before talks on the sidelines of the IMF and World Bank’s annual meetings in Tokyo. Photo: AFP

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား လာမည့်နှစ်တွင် တိုက်ရိုက် ချေးငွေများ ထုတ်ပေးတော့မည်ဟု ထုတ်ဖော် ကြေညာ ခဲ့ပြီ ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည် အကြို တွေ့ဆုံမှု များတွင် အလွတ် သဘော ထုတ်ပြန် ကြေညာခဲ့သည့် အဆိုပါ ကြေညာချက်သည် ၂၅ နှစ် တာမျှ ရပ်ဆိုင်း ထားခဲ့သော တိုက်ရိုက် ချေးငွေ ထုတ်ပေးမှုကို အသစ်တစ်ဖန် ပြန်လည် အသက်ဝင်စေကာ မြန်မာနိုင်ငံကို ယင်းတို့ ဒေသတွင်း ပြိုင်ဖက်ဖြစ်သော ဗီယက်နမ်နိုင်ငံနှင့် အပြိုင်၊ ထုတ်လုပ်မှု လုပ်ငန်း ထွန်းကားပြီး ရင်းနှီးမြှုပ်နှံမှု အခရာ ကျသည့် နိုင်ငံ အဖြစ် အသွင်ပြောင်းလဲစေရန် ရည်ရွယ် ကူညီခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံက ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ဒေါ်လာသန်း ၆ ထောင် အနက် ထက်ဝက်ကျော်ကို ပယ်ဖျက် ပေးပြီး ၆ လ အကြာတွင် တိုက်ရိုက်ချေးငွေ ထုတ်ပေးမည့် အစီအစဉ် ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

စစ်အုပ်ချုပ်ရေး လက်အောက်တွင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးနှင့် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှု များက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့ အရေးယူမှု များကို ပြေလျော့စေ ခဲ့သည်။ သို့တိုင်အောင် နိုင်ငံအတွက် အကြီးအကျယ် လိုအပ်ချက်ရှိသော လမ်းတံတား များ၊ ဆိပ်ကမ်း များနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာ ချေးငှားသူ တို့အား ပိုမိုဆွဲဆောင် ရန်မှာ နိုင်ငံတော်၏ လက်ကျန်ကြွေးမြီများကို ဦးစွာ ရှင်းလင်းနိုင်ရန် လိုအပ်ပေသည်။

ဂျပန် အစိုးရ ကျောထောက် နောက်ခံပြု ချေးငှားသူ ဖြစ်သည့် Japan Bank for International Co-operation က မြန်မာနိုင်ငံအား ကာလတို ချေးငွေများ ထုတ်ပေးခြင်းဖြင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့သို့ ပေးဆပ်ရန် ရှိသည့် ကြွေးမြီ ဒေါ်လာသန်း ၉ဝဝ ကို ပေးဆပ်နိုင်စေရန် ဂျပန်အစိုးရက စီစဉ်ထားရှိသည်။

အဆိုပါ ကြွေးမြီများကို ရှင်းလင်းလိုက် ခြင်းအားဖြင့် မြန်မာနိုင်ငံသို့ အပြည့်အဝ အထောက်အကူပြုနိုင်ရန် လမ်းစ ပေါ် ထွက်စေမည် ဖြစ်သည်ဟု ဂျပန်ဘဏ္ဍာရေး ဝန်ကြီး Koriki Jojima က တိုကျိုမြို့တွင် ပြောကြား ခဲ့သည်။

သဘာဝ ဓာတ်ငွေ့နှင့် သယံဇာတ ပေါကြွယ်ဝပြီး ပျိုမျစ်သော လုပ်သား အင်အားစုလည်း ပိုင်ဆိုင်သည့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာကောင်းတစ်ရပ်အဖြစ် ဂျပန်တို့က ကြာမြင့်စွာကပင် သိမြင် ထားခဲ့ကြသည်။ ဂျပန်အစိုးရ အကြီးတန်း အရာရှိတို့က မြန်မာနိုင်ငံကို ဗီယက်နမ်နိုင်ငံနှင့် ပုံခိုင်းလေ့ ရှိကြ သည်။ ဗီယက်နမ် နိုင်ငံသည် ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့၏ ဦးဆောင်မှုဖြင့် နိုင်ငံခြားဘဏ်များထံမှ အကူအညီ ရယူကာ ယင်းတို့၏ လက်ကျန် ကြွေးမြီများကို ရှင်းလင်း ပေးဆပ်နိုင်ခဲ့ပြီးနောက် ၁၉၉ဝ ခုနှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုး တိုးတက် လာခဲ့သည် ကို မြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က မြန်မာ့စီးပွားရေးသည် ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်များ အတွင်း ပြည်ပ ပို့ကုန် များနှင့် မြင့်မားလာသော ရင်းနှီးမြှုပ်နှံမှုတို့၏ မောင်းနှင်အားကြောင့် ၆ ရာခိုင်နှုန်း ခန့်အထိ တိုးပွား လာမည်ဟု ခန့်မှန်းထားသည်။

ဂျပန်တို့၏ ကုန်သွယ်ရေး ကုမ္ပဏီများကလည်း ရင်းနှီးမြှုပ်နှံရေး ကြိုးပမ်းမှုများတွင် ရှေ့တန်းမှ ပါဝင်လာကြ သည်။ Mitsubishi, Marubeni နှင့် Sumitomo စသော စီးပွားရေး ကော်ပိုရေးရှင်းကြီးများသည် ရန်ကုန် တောင်ပိုင်း ဆိပ်ကမ်း အနီးရှိ ၂၄ဝဝ ဟက်တာ အကျယ်အဝန်းရှိသော သီလဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကနဦး ကာလကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာအစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပြီး ဖြစ်သည်။ သီလဝါ စီမံကိန်းတွင် အိမ်ရာဆောက်လုပ်ရေး စီးပွားရေးဒေသ ထူထောင်ရေးနှင့် စက်မှုဇုန် တည်ထောင်ရေးတို့ ပါဝင်မည် ဖြစ် သည်။

တိုကျိုမြို့တွင် အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့သော အစည်းအဝေး တစ်ရပ်၌ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံက ပေးဆပ်ရန် ကျန်ရှိနေ သည့် ကြွေးမြီများကို စာရင်းခွဲခြား ပြုစုနေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အစရှိသည်တို့ကို ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရာတွင် ညီညွတ်သော ကမ္ဘာ့အသိုင်းအဝိုင်း တစ်ရပ်အနေဖြင့် ကူညီထောက်ပံ့ ပေးနိုင်ရေးကို မကြာမီ ရှေ့ဆက် ဆောင်ရွက် သွားနိုင်ရန် မျှော်လင့်ထားကြောင်းလည်း Jim Yong Kim က ပြောကြားခဲ့သည်။ မြန်မာပြည်သူ များအတွက် အစိုးရအနေဖြင့် အရေးပါသော ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် တွန်းအားပေး လုပ်ဆောင် သွားရန် ရိုးသားစွာ တိုက်တွန်း အားပေးပါကြောင်းလည်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။

Ref: Japan to Resume

www.myanmarij.com

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.