Saturday, October 20, 2012

0 ၂၀၁၅ အမီ လူလတ်တန်းစားသစ်တစ်ရပ် ပေါ်ပေါက်ရေး အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ

ယနေ့ အာရှကျားတစ်ကောင်ဖြစ်လာရန် အားယူနေပြီဟု တင်စားနေသော မြန်မာနိုင်ငံတွင် စီးပွားရေးဝင်ငွေအရ လူလတ်တန်းစားတစ်ရပ် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး လူလတ်တန်းစားအောက် သာမန်လူတန်းစားတစ်ရပ် ဖြစ်ပေါ်နေသည်မှာ အချိန်ကြာခဲ့ပြီဖြစ်သည်။

စီးပွားရေးအခွင့်အလမ်းမညီမျှမှုများ၊လူတန်းစားမညီမျှမှုများ၊လူ့အခွင့်အရေးမညီမျှမှုများနှင့် ပြည်သူ့ဝန်ထမ်းများ အဂတိလိုက်စားမှုများကြောင့်တိုင်းပြည်၏အဓိကမောင်းနှင်အားဖြစ်သောလူလတ်တန်းစားများ၏အခန်းကဏ္ဍများ ပျောက်ကွယ်လျက် ရှိသည်။

တိုင်းပြည်၏ ထိပ်တန်းစီးပွားရေးကဏ္ဍများတွင် လူတစ်စု၏ ထိန်းချုပ်မှုအောက်မှ မရုန်းထွက်နိုင်ခြင်း၊ ထိုကဏ္ဍများ သည် လည်း ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေကိုသမမျှတအောင် ဆောင်ရွက်မှုမပေးနိုင်ခြင်း၊ တိုင်းပြည်၏ ၀င်ငွေဖြစ်သော အခွန်ကိစ္စရပ်များတွင်လည်း ကောင်းမွန်စွာထောက်ပံ့မှုမပေးနိုင်ခြင်း၊ အဆိုပါစီးပွားရေးကဏ္ဍများမှ အသားတင် အမြတ်ငွေများကိုသာ သဲ့ယူသွားခြင်းများရှိနေခြင်းများသည် တိုင်းပြည်၏ စီးပွားရေး စဉ်ဆက်မပြတ်တိုးတက်ရေးကို အတားအဆီးသဖွယ်ရှိနေကြောင်း ပညာရှင်များက ဝေဖန်ကြသည်။ ရေမြေသဘာဝအရ သဘာဝအရင်းအမြစ်များစွာရှိခဲ့သော မြန်မာနိုင်ငံတွင် အဆိုပါ အရင်းအမြစ်များကို ရေတိုအကျိုးအတွက်သာ အသုံးချခဲ့ခြင်းများကြောင့် သဘာဝအရင်းအမြစ်များ ပျောက်ကွယ်လုနီးပါးရှိနေပြီး ထိုရေတိုအကျိုးများသည်လည်း လူနည်းစုတစ်စုအတွက်သာဖြစ်ခဲ့ခြင်းကြောင့် သာမန်လူတန်းစားများအတွက် ထိရောက်သော အကျိုးကျေးဇူးများ မပေါ်ထွန်းနိုင်ခဲ့ပေ။

ယခုအစိုးရလက်ထက်တွင် စီးပွားရေးပြုပြင်ပြောင်လဲမှုများ လုပ်ဆောင်နေသော်လည်း ယခင် အစိုးရလက်ထက် ထိပ်တန်းစီးပွားရေးသမားများနှင့်၎င်းတို့၏Partnerများအကျိုးကျေးဇူးထိခိုက်နိုင်သော ရေရှည်ပြည်သူ့အကျိုးပြုစီးပွားရေးကဏ္ဍများမှာလည်း များစွာနှောင့်နှေးလျက်ရှိသည်။

နိုင်ငံတကာမှ စီးပွားရေးကော်ပိုရေးရှင်းများကို ဖိတ်ခေါ်နေသော်လည်း လက်တွေ့တွင်မူ ထိုကော်ပိုရေးရှင်းများ၏ လွှမ်းမိုးမှုများကို ကြောက်လန့်လျက်ရှိသော စီးပွားရေးသမားတစ်စု၏ အဟန့်အတားများကြောင့် အလျင်အမြန်ပြဌာန်း ရန်လိုအပ်နေသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမှာ ထွက်ရှိမလာနိုင်သေးသည်ကို ၀မ်းနည်းစွာတွေ့ရှိရသည်။

အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေအရ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များကို အကာအကွယ်ပေးနိုင်ရမည်ဟု ဆိုထားသော်လည်း ထိုတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များမှ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ပေးနေသနည်းဟု မေးခွန်းထုတ်စရာရှိနေပါသည်။

ယခုအခါ ထိပ်တန်းစီးပွားရေးသမားများသည် ၄င်းဥပဒေကို အသုံးချပြီး နိုင်ငံခြားကော်ပိုရေးရှင်းများနှင့် ပူးပေါင်းကာ မိမိတို့ ရရှိပြီးသော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ပိုမိုအကျိုးအမြတ်ရရှိရေးကိုသာ ဦးတည်ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိနေရပါသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၆၀% မှာ တစ်နေ့ဝင်ငွေ ၁၅၀၀ခန့်နှင့်ရပ်တည်နေကြရပြီး၊ ၂၀ %မှာ တစ်နေ့ဝင်ငွေ ၁၅၀၀ ကျပ်မှ ၅၀၀၀ ကြား ရပ်တည်နေကြရသည်။ အဆိုပါ ၀င်ငွေပမာဏ၏ ၃၀ %ကို ခရီးစရိတ်အဖြစ် သုံးစွဲနေကြရပြီး၊ ကျန်ငွေကို စားဝတ်နေရေးပညာရေးအတွက် အသုံးပြုနေကြရသည်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် မဖြစ်မနေသုံးစွဲရသည့်အခါ အကြွေးတင်ရှိမှုများဖြစ်ပေါ်ပြီး လူ့အဆင့်အတန်းတိုးတက်နိုင်ရေးအတွက် အဟန့်အတားများ ဖြစ်ပေါ်လျက်ရှိသည်။ အစိုးရအနေဖြင့် လက်ရှိပြည်သူများ၏ အခြေအနေကို လေ့လာဆန်းစစ်မှုများ သေချာစွာပြုလုပ်ရန်လိုအပ်နေပြီး၊ Public Institutions များအနေဖြင့်လည်း အောက်ခြေလူတန်းစားများတိုးတက်ရေးကို အလေးပေးဖေါ်ပြရန် လိုအပ်နေကြောင်း လေ့လာတွေ့ရှိနေရသည်။

အစိုးရက ၂၀၁၅ ခုနှစ်တွင် အလုပ်အကိုင် အခွင့်အလမ်း ၁ သန်းခန့် ပေါ်ထွန်းလာအောင်ဆောင်ရွက်သွားမည်၊ လူလတ်တန်းစားသစ်တစ်ရပ်ပေါ်ထွန်းလာအောင် ဆောင်ရွက်သွားမည်ဟု ကြွေးကြော်နေသော်လည်း အထက်ပါ အချက်များကြောင့် အဆိုပါကိစ္စများသည် အစိုးရအတွက် စိန်ခေါ်မှုများဖြစ်နေပြီး၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်မှာ အစိုးရ၏ ပြတ်သားသော ပြည်သူ့အတွက် ရပ်တည်နိုင်မှုမှာ အဓိကကျကြောင်း ဝေဖန်အကြံပေးရေးသားလိုက်ပါသည်။

by: People Development for Knowledge

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.