Sunday, October 14, 2012

0 “မန်းသံဃာထု၏ ဆန္ဒဖော်ထုတ်မှု ငြိမ်းချမ်းစွာအောင်မြင်”

မန္တလေးမြို့ သံဃာထုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပန်းဝါခရိုင် အကြမ်းဖက်မှုကို ရှုတ်ချခြင်း၊ OIC-ရုံးစိုက်မှုကို ကန့်ကွက်ခြင်း တို့ကို ပြသသည့်အနေဖြင့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ၁၂-၁၀-၂၀၁၂-ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဘုရားမှာ ကျင်းပခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲ၌ မြဝတီမင်းကြီးကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ၊ ဂဠုန်နီဆရာတော် ဘဒ္ဒန္တကာဝိယ၊ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတ-တို့က ဆုံးမသြဝါဒပေးခြင်း၊ ငြိမ်းချမ်းရေး ချိုးငှက်လွှတ်ခြင်းများ အပြီးမှာ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူက “စည်ကမ်းမပျက်စေရ၊ အကြမ်းမဖက်စေရ၊ ဘေးပယောဂကြောင့် ဦးတည်ချက်မပြောင်းစေရ” ဟူသည့် လုံခြုံရေးတာဝန်သုံးရပ်ကို လိုက်နာဖို့ မိန့်ကြားခဲ့ပါသည်။

ဦးပွားဘုရားဝန်းမှ မွန်းလွဲ(၁း၁၅)နာရီ စတင်ထွက်ခွာလာရာ တစ်တန်းလျှင် သံဃာသုံးပါးစီတွဲကာ ဆိုင်းဘုတ်များ ထောင်ခြင်း၊ ပိုစတာများကိုင်ဆောင်ခြင်း၊ မေတ္တာပို့ဆုတောင်းခြင်းများ ပြုလုပ်ကာ သမဏသာရုပ္ပအဖြစ် ကြည်ညိုဖွယ်ရာ အသွင်အပြင်များဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

ဂဠုန်နီဆရာတော်ဦကာဝိယက ကားပေါ်မှ အသံချဲ့စက်ဖြင့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပရခြင်းအကြောင်းကိုလည်းကောင်း၊ ဘုရားကြီးတိုက်ဆရာတော် ဦးဝိသုတက OIC-နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် ဟောပြောခြင်းကိုလည်း ဆောင်ရွက်တော်မူကြပါသည်။

သံဃာတန်းကြီးသည် ၂၀၀၇-ရွှေဝါရောင်တော်လှန်ရေးကာလ အတိုင်းပင် “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။” မေတ္တာစကားများကို သံပြိုင်ရွတ်ဆိုကာ လမ်းတစ်လျှောက်လုံး အမောနိုင် မပန်းနိုင်ဘဲ မေတ္တာပို့သတော်မူကြပါသည်။

အဆိုပါ သံဃာတန်းကြီးသည် အတန်းပေါင်း (၃၆၀)ရှိပြီး အများစုမှာ သုံးပါးတန်းများ ဖြစ်ကြကာ ငါးပါးတန်းနှင့် နှစ်ပါးတန်းများလည်း အနည်းငယ်စီ ပါဝင်ကြပါသည်။ လိုက်လံစောင့်ကြပ်သည့် လုံခြုံရေးသံဃာ(၅၀)ကျော်နှင့် ဆိုလျှင် အပါး(၁၁၀၀)ကျော် ရှိပါသည်။

ကိုင်ဆောင်ထားသော ဆိုင်းဘုတ်များတွင် We don’t need OIC ။ Go OIC - No OIC- Stop OIC – Get out OIC- စသည်ဖြင့် OIC-ကိုကန့်ကွက်သည့် ဆိုင်းဘုတ်ကများပြီး ဘင်္ဂါလီအကြမ်းဖက်သမားများကို ရှုတ်ချထားသည်များလည်း ပါဝင်ပါသည်။

ကျက်သရေ မရှိ OIC ။

မင်္ဂလာမရှိ ဘင်္ဂါလီ။

ဒုက္ခတွေအတိ ရခိုင်ပြည်။

သောကရင်ထိ မြန်မာပြည်။

စသည့် ထူးခြားပိုစတာများ ကိုင်ဆောင်ဆန္ဒပြသည်ကိုလည်း တွေ့ရပါသည်။

အဆိုပါ သံဃာတန်းကြီးသည် ဦးပွားဘုရားမှ အနောက်ကိုထွက်ကာ စစ်ကိုင်းမန္တလေးလမ်းအတိုင်း ချီတက်ကြပြီး၊ ထိုမှတစ်ဆင့် မြောက်ဘက် စာတိုက်ကွေ့ကိုကျော်ကာ ၄၂-လမ်းအတိုင်း အရှေ့ပြန်ဆင်းကာ ဂုံးကျော်တံတားပေါ်မှ ရန်ကုန်မန္တလေး အဝေးပြေးလမ်းမပေါ်ဆင်းကာ တောင်ဘက်သို့ ချီတက်ခဲ့ကြပါသည်။ ဦးပွားဂုံးကျော်ရောက်သည့်အခါ ဦးပွားဂုံးကျော်မှ ဦးပွားဘုရားဝန်းထဲ ပြန်ဝင်ကာ စီတန်းထိုင်တော်မူကြပါသည်။

ဆရာတော် ဦးအရိယနှင့် ဆရာတော်ဦးကာဝိယကတို့က မိန့်ခွန်းပြောကြားကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။


အခမ်းအနားအပြီးတွင် ဆရာတော်ဦးအရိယ၊ ဆရာတော်ဦးကာဝိယ၊ ဆရာတော်ဦးဝိသုတ၊ ဆရာတော်ဦးဥတ္တမ (ဘဝအလင်း)တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သတင်းထောက်များ မေးမြန်းသမျှကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆန္ဒဖော်ထုတ်ပွဲကျင်းပမည့်ကိစ္စကို အာဏာပိုင်များအား အသိပေးအကြောင်းကြားရုံသာ ပြုခဲ့ပြီး ခွင့်မတောင်း၊ ဖောင်မဖြည့်သလို အာဏာပိုင်များကလည်း လုံခြုံရေးတင်းကြပ်ခြင်း ပိတ်ပင်တားဆီးခြင်းများ မလုပ်ကြကြောင်းလည်း သိရပါသည်။

ယနေ့ မန္တလေးဆန္ဒဖော်ထုတ်ပွဲတွင် လူပုဂ္ဂိုလ်များ အပါဝင်ဘဲ သံဃာတော်များသီသန့် ဆောင်ရွက်သွားသည်ကို တွေ့ရပါသည်။ လမ်းတစ်လျှောက်တွင် ပြည်သူများက အောင်သပြေခက်များ ဆက်ကပ်ခြင်း၊ သကြားလုံးများ၊ အအေးဗူးများ၊ ရေသန့်ဗူးများလှူခြင်း၊ လက်ခုပ်သြဘာပေးခြင်းများဖြင့် ထောက်ခံ အားပေး ကြိုဆိုကြသည်ကို တွေ့ရပါသည်။

ထိုအထဲတွင် စိမ်းရောင်စိုအဖွဲ့သားများ၊ ဗကသ-များ၊ NLD-ပါတီဝင်များပါဝင်သည်ကို တွေ့ရပါသည်။

အကယ်၍ အစိုးရတုန့်ပြန်မှုမရှိလျှင် ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပြီး၊ ၁၅-၁၀-၂၀၁၂-ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း တစ်ချိန်တည်းတွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

အရှင်ဝီရသူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.