Thursday, October 18, 2012

0 ဥပဒေသည် လူတစု ကောင်းကျိုးအတွက် မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။



ဥပဒေသည် လူတစု ကောင်းကျိုးအတွက် မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။

“တောင်းမှာ အကွပ်” ဆိုတဲ့အတိုင်း ရက်ထားတဲ့ အစတွေကို ပရမ်းပတာ မဖြစ်စေရအောင် အနားသတ်တွေကို ကွပ်ပေးထားရပါတယ်။ လူမှာလည်း သဘာဝအလျောက် စိတ်ရိုင်းဝင်လာတတ်တာကို မပြုမိစေဖို့ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ ထိန်းကွပ်ထားရပါတယ်။ မိသားစုထဲမှာ မိသားစု စည်းကမ်း ထားရှိကြသလို ကျောင်းတွေ၊ အလုပ်ရုံတွေ၊ ရုံးတွေ၊ ဆေးရုံတွေမှာလည်း စည်းကမ်း ထားရှိရပါတယ်။ အစည်းအဝေးတွေ၊ အသင်းအဖွဲ့တွေမှာလည်း စည်းကမ်း ထားရှိပါတယ်။

လူမျိုးစုအလိုက်၊ လူမျိုးအလိုက် ဓလေ့ထုံးစံတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ စည်းကမ်းထားရှိပါတယ်။ လူမှုရေးမှာ ဆောင်ရန်-ရှောင်ရန် စည်းကမ်းကျင့်ဝတ်တွေ ရှိသလို ဘာသာရေးမှာလည်း စည်းကမ်း ကျင့်ဝတ်လို့ခေါ်တဲ့ ဝိနည်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြဋ္ဌာန်း ကျင့်ကြံစေရပါတယ်။ အားကစား ပြိုင်ပွဲတွေမှာလည်း စည်းကမ်းနဲ့ပါပဲ။

နိုင်ငံအနေနဲ့ (Nationally) လူအများက မဖြစ်မနေ ပါဝင် ပတ်သက်လာတဲ့အခါမှာတော့ ပိုပြီး စည်းစနစ် ကျကျနနနဲ့ ထိရောက်စေဖို့ ဥပဒေတွေကို ရေးဆွဲ ပြဋ္ဌာန်းပြိး ကျင့်သုံးကြရပါတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီရခြင်းမှာ

ဥပဒေကို စတင်ရေးဆွဲတဲ့အခါမှာ အတိတ်ကာလမှာ ဖြစ်ခဲ့တာတွေအပေါ် သင်ခန်းစာယူပြီး လက်ရှိအခြေအနေ၊ နောင်လာလတ္တံ့သော အခြေအနေတွေနဲ့ ကိုက်ညီစေဖို့အပြင်၊
အကျိုးသက်ရောက်ပုံတွေကိုပါ အကျယ်ပြန့်ဆုံး မျှော်တွေး စဉ်းစား ချင့်ချိန်ပြီး ရေးဆွဲရပါတယ်။ လူတစု အကျိုးစီးပွားအတွက် မဖြစ်စေရဘဲ လူအများစု အကျိုးစီးပွားကို ဖြစ်စေနိုင်မယ့် ဆန္ဒရှိရပါတယ်။ ဒီဥပဒေကို တရားဝင် ဆုံးဖြတ် အတည်ပြုတာကလည်း လူသိထင်ရှား အသိအမှတ်ပြုပြီး ဖြစ်နေရပါတယ်။ ကောင်းသထက်ကောင်းစေဖို့ကိုသာ ရည်ရွယ်ထားတာကြောင့်လည်း လိုအပ်တဲ့အခါတိုင်းမှာ ပြင်ဆင် / ပယ်ဖျက်တာတွေ ရှိနေရပါတယ်။

ဒီလိုမျိုး မလုပ်နိုင်ခဲ့ရင် ဘာဥပဒေကိုပဲ ပြဋ္ဌာန်းသည်ဖြစ်စေ ... “ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီ”  ဆိုတာတွေ နေရာတိုင်း အချိန်တိုင်းမှာ ဖြစ်လာနေမှာပါပဲ။ ဒီအခါမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီရတဲ့ အကြောင်းရင်းကို ပြန်လည်စိစစ် သုံးသပ်သင့်ပါတယ်။



ဥပဒေ အသံကြားလျှင် ကြောက်နေကြခြင်း

မြန်မာတွေရဲ့ အစွဲတခုကတော့ ရုံးဂတ်တွေနဲ့ ကင်းကင်းရှင်းရှင်း မပတ်သက်ဘဲ နေချင်ကြတာ ဖြစ်ပါတယ်။ ဥပဒေလို့ အသံကြားရုံတင်နဲ့ ကြောက်လန့်တတ်သူတွေ ရှိကြပါတယ်။ ဥပဒေ ဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။ ဥပဒေကို ဖောက်ဖျက်တာ မိသွားရင် ဖမ်းဆီး အပြစ်ပေးခံရမှာကို ကြောက်လန့်မိတာနဲ့ ဥပဒေ ဆိုတာကို တွေးကြောက်နေတတ်ခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ ဘက်တော်သားတွေဖြစ်တဲ့ ရဲနဲ့ တရားသူကြီးတွေရဲ့ မမှန်ကန်တဲ့ ပြုမူပြောဆိုပုံတွေကြောင့်လည်း အရပ်သားပြည်သူတွေမှာ ကြောက်လန့်၊ သိမ်ငယ်စိတ်တွေ ဝင်လာတတ်ကြပါတယ်။  

တကယ်တော့ ဥပဒေကသာ ပြည်သူတဦးချင်းကို ကာကွယ်စောင့်ရှောက်ပေးနေရတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေအတွက် လူထု ပညာပေးရေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး အသိကောင်းကောင်း ပေးနိုင်ရပါမယ်။ ဒါမှသာ လူခပ်များများမှာ အရိုးစွဲနေတဲ့ ကြောက်စိတ်ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လူထု ယုံကြည် အားကိုးတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံအကြီးအကဲတွေ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကလည်း အလျင်းသင့်တိုင်း အားပေးစကား ပြောဆို တိုက်တွန်းပေးနေရင် လူထုဟာ ဥပဒေအပေါ် ကြောက်လန့်နေမှာ မဟုတ်တော့ပါဘူး။

နိုင်ငံရေးစနစ် မကောင်းတဲ့အခါမှာ တာဝန်ရှိတဲ့ အစိုးရတွေက ဒီအချက်ကို မသိချင်ယောင် ဆောင်ထားလေ့ ရှိပါတယ်။ လူထုကို ဥပဒေအကြောင်း အမှန်အတိုင်း လူထုပညာပေးရေးတွေ လုပ်ပေးရမယ့်အစား ဝါဒဖြန့်အနေနဲ့ မီးလောင်ရာလေပင့် လုပ်တတ်ကြပါတယ်။ ပိုဆိုးသွားတာကတော့ အမှု ဖြစ်လိုက်တာနဲ့ လူထုဘက်က ခံဘက်ချည်းဖြစ်နေအောင် အစိုးရက တမင်တကာ ဖန်တီးယူတဲ့ နိုင်ငံရေးစနစ်ဆိုး ဖြစ်ပါတယ်။



ဥပဒေကို လိုက်နာကြခြင်း

အစစအရာရာ တိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ တရားဥပဒေ အမှန်တကယ် စိုးမိုးနေတာကြောင့် ပြည်သူတွေအတွက် စားစားသွားသွား ဘာလုပ်လုပ် အကြောက်တရား မရှိကြပါဘူး။ ဥပဒေက ကာကွယ်ပေးထားတာကြောင့် လုံခြုံစိတ်ချရပါတယ်။ ဒါကို ပိုပြီးသိလာတဲ့အခါမှာ တရားဥပဒေ စိုးမိုးမှု (Rule of Law) ကို ပိုမို တန်ဖိုးထားတတ်ကြပါတယ်။ ပြည်သူတွေဟာ မှန်ကန်ကောင်းမွန်တဲ့ ဥပဒေတွေကို သိပ်ပြီး အလိုရှိကြပါတယ်။ အလိုရှိကြတဲ့အတိုင်း ဥပဒေတွေကို လေးစားလိုက်နာကြပါတယ်။ လိုနေသေးရင်လည်း ရဲရဲကြီး တောင်းဆိုတတ်ကြပါတယ်။

ဒါပေမယ့် နိုင်ငံတခုအတွင်းမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေကြောင့် နိုင်ငံကို ဥပဒေဘောင်အတွင်းက တည်ဆောက်ယူလာတဲ့ အနေအထား၊ လူတဦးချင်းကို ခလေးဘဝကနေ ပြုစုပျိုးထောင်ယူလာတဲ့ အနေအထားအလိုက် ဥပဒေကို လိုက်နာကြတဲ့အဆင့်မှာ နိုင်ငံအသီးသီးဟာ အနိမ့်အမြင့် ဖြစ်နေတတ်ပါတယ်။

ဥပဒေကို လိုက်နာသူ ရှိသလို မလိုက်နာသူလည်း ရှိတတ်ပါတယ်။ အများစု ဖြစ်နေတတ်သလို အနည်းစုလည်း ဖြစ်နေတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရတာတွေအပေါ်မှာ လူမှုရေး လေ့လာ သုံးသပ်ချက် စာတမ်းတွေက ဥပဒေကို ပိုမိုလိုက်နာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

လိုက်နာရတဲ့ ဥပဒေတွေဟာ လူတဦးချင်းကအစ လူ့ပတ်ဝန်းကျင်တခုလုံး လိုက်နာနေနိုင်တာမျိုး ဖြစ်ရပါတယ်။  တနိုင်ငံလုံး.. တကမ္ဘာလုံးက တညီတညွတ် လက်ခံထားတဲ့ ဥပဒေမျိုးတွေ ဖြစ်နေရပါတယ်။

ခလေးတယောက်ဟာ လူကြီးတယောက်လိုမျိုး စည်းကမ်းတွေ လိုက်နာနိုင်စွမ်း မရှိသလို လောကုတ္တရာ ကျင့်ဝတ်တွေကို သာမန်လူသားတွေ ရေရှည် စောင့်ထိန်း လိုက်နာဖို့ မလွယ်လှပါဘူး။ ဓလေ့ထုံးစံတခုကို အသားကျနေသူအဖို့ အခြားဓလေ့တခုကို ပြောင်းလဲကျင့်သုံးဖို့ အစပိုင်းမှာ အဆင်မပြေတတ်ပါဘူး။

ဒါကြောင့် လူ့အသိုင်းအဝိုင်း (သို့) နိုင်ငံတခုအတွင်းမှာ မှီတင်းနေထိုင်ကြသူ အားလုံးအတွက် ညီညွတ်မျှတစွာ အကျိုးရှိစေနိုင်မယ့် ဥပဒေတရပ်ကို ရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ မလွယ်လှပါဘူး။ လွယ်လင့်တကူ ပြီးပြီးရော ပေါ့ပေါ့ဆဆ မဆင်မခြင် ရေးဆွဲလို့လည်း မဖြစ်ပါဘူး။

ဥပဒေကို မလိုက်နာသူများ 

ဥပဒေကို မလိုက်နာသူ ပထမအမျိုးအစားဟာ အာဏာရှင် ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ကို ဥပဒေ အထက်ကလူလို့ ပြောကြရတာ ဖြစ်ပါတယ်။ ဒီလိုပဲ အာဏာရှင်နဲ့ ပေါင်းစားနေတဲ့ အာဏာရှင် အသိုင်းအဝိုင်းတွေကလည်း ဥပဒေရှိရက်နဲ့ မလိုက်နာကြပါဘူး။ တချို့အဖြစ်တွေမှာဆို ဥပဒေကို လူသိထင်ရှား ပြောင်တင်းတင်း ချိုးဖောက်ရဲတဲ့အထိ ကျူးလွန်တတ်ကြတာ တွေ့ရပါတယ်။ တကယ်တော့ အာဏာကို အလွဲသုံးစား လုပ်တာပါပဲ။

ဒုတိယ အမျိုးအစားဟာ တားမြစ်ထားတဲ့ ဥပဒေ ရှိမှန်းသိရက်နဲ့ မထီမဲ့မြင်လုပ်ပြီး ဖောက်ဖျက် ကျူးလွန်သူ ဖြစ်ပါတယ်။ စိတ်ခံစားမှုအရဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ.. ဘယ်လိုအကြောင်းပြချက်ကိုမှ ခွင့်မလွှတ်ပါဘူး။ တချို့ဆိုရင် ဥပဒေကို ကျူးလွန်ဖောက်ဖျက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်တဲ့အခါမှာတောင် လာဘ်ပေးလာဘ်ယူ စတဲ့ ဥပဒေ ဖောက်ဖျက်မှုကို ထပ်မံကျူးလွန်တတ်ပြန်ပါတယ်။ ငွေကြေးတတ်နိုင်ရင် ထောင်နောက်ဖက်မှာ တံခါးပေါက်ရှိတယ် ဆိုတာ ဥပဒေကို ပျက်ရယ်ပြုထားတဲ့ စကားတခွန်းပါ။

တတိယ အမျိုးအစားကတော့ ဥပဒေကို နားမလည်လို့၊ မသိလို့၊ အရွယ်မရောက်သေးလို့၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းလို့ စတဲ့ ချွင်းချက် အကြောင်းရင်းတွေကြောင့် ဥပဒေတွေကို ဖောက်ဖျက် ကျူးလွန်မိတတ်ကြပါတယ်။ သူတို့ကိုတော့ သက်ညှာမှုနဲ့ ပြုပြင်ပေးနိုင်မှု အထိုက်အလျောက် ပေးထားရပါတယ်။

စတုတ္ထ အမျိုးအစားကတော့ မတရားတဲ့၊ မသင့်တော်တဲ့ ဥပဒေတွေကို အနည်းနဲ့အများ ဆန့်ကျင် အံတုသူတွေ ဖြစ်ပါတယ်။ သူတို့ကတော့ ပိုမိုတိုးတက် ကောင်းမွန်တဲ့စနစ်ကို အလိုရှိကြတဲ့ တက်ကြွလှုပ်ရှားသူတွေ ပြုပြင်ပြောင်းလဲရေးသမားတွေ ဖြစ်ကြပါတယ်။



ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက် 

လိုရင်းကတော့ အခြားသူတွေ၊ အခြားအရာတွေကို ထိခိုက် နစ်နာတာမျိုး မရှိစေဖို့ ဖြစ်ပါတယ်။ အမျိုးအစားခွဲပြီး နည်းနည်း အကျယ်ချဲ့ကြည့်ပါမယ်။

(၁) လူတိုင်းရဲ့ အသက် ဘေးအန္တရာယ်ကို ကာကွယ်ပေးဖို့၊  (ဥပမာ- သူခိုး ဓါးပြရန်၊ ရိုက်နှက် နှိပ်စက်ညှင်းပမ်း ခြိမ်းခြောက်မှု စသဖြင့်)
(၂) လူ့ပတ်ဝန်းကျင်မှာ အများနဲ့ ယှဉ်တွဲ နေထိုင်သွားလာတဲ့အခါ ဘေးရန်ကင်းကွာပြီး စနစ်တကျနဲ့ အဆင်ပြေစေနိုင်ဖို့ (ဥပမာ- စာချုပ်များ၊ ယာဉ်ဥပဒေ စသဖြင့်)
(၃) လူအများ နှစ်သက် သဘောကျ လက်ခံတဲ့ လူနေမှု အသိုင်းအဝိုင်းကို ကာကွယ် ထိန်းသိမ်းပေးထားနိုင်ဖို့ (ဥပမာ - လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ စသဖြင့်)
(၄) တရားမျှတမှုကို အမှန်တကယ် ကျင့်သုံးစေနိုင်ဖို့
(၅) ဥပဒေ ချိုးဖောက်သူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ .. ဆိုပြီး ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။



မြန်မာနိုင်ငံရဲ့ ဥပဒေပြု လွှတ်တော်ကြီးလည်း ပြန်စပါတော့မယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးးပွားအတွက် ဥပဒေသစ်တွေ ပြဋ္ဌာန်းမယ့်ကိစ္စ၊ တည်ဆဲဥပဒေတွေထဲက ခေတ်စနစ်နဲ့ မလျော်ညီတာတွေကို ဖျက်သိမ်းမယ့် ကိစ္စတွေ၊ တည်ဆဲဥပဒေကို ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်မယ့် ကိစ္စတွေအပေါ်မှာ ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့အတိုင်း  ရိုးသားဖြောင့်မတ် မှန်ကန်စွာ တာဝန်ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်း အားပေးလိုက်ပါတယ်။

တချိန်တည်းမှာ ဥပဒေဘက်တော်သား အားလုံးတို့ကလည်း တရားစီရင်ရေးမဏ္ဍိုင်ကို တရားမျှတစွာ ဖြောင့်မတ် ကြံ့ခိုင်စေပြီး ပြည်သူလူထု ထာဝရ ယုံကြည်အားကိုးနေရအောင် တာဝန်တွေ ထမ်းဆောင်နိုင်ကြဖို့ မျှော်လင့်နေပါမယ်။

လွင်အောင်စိုး
၁၇-၁ဝ-၂ဝ၁၂

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.