Friday, December 7, 2012

0 လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်နှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြုလုပ် စုံစမ်းစစ်ဆေးမှုရလဒ်အပေါ် လူတိုင်းကျေနပ်နိုင်မည် မဟုတ်သော်လည်း အမှန်တရားကို ရဲရဲဝံ့ဝံ့ တင်ပြသွားမည်ဟု ပြောကြား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်နှင့် ပတ်သက်၍ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၆ ရက်နေ့၌ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်အဆောက်အဦတွင် ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု ရလဒ်များအပေါ် လူတိုင်းကျေနပ်မည် မဟုတ်သော်လည်း အမှန်တရားကို ရဲရဲဝံ့ဝံ့ တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။

''လူတိုင်းကို ကျေနပ်အောင်လုပ်လို့ မရဘူး။ အဲဒါဟာ ကော်မရှင်ရဲ့ တာဝန်လည်းမဟုတ်ဘူး။ ကော်မရှင်ရဲ့တာဝန်က အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ ဒီအမှန်တရားအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံအတွက် အကောင်းဆုံး၊ တိုင်းသူပြည်သားတွေရဲ့ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အကြံပြုချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ မှန်မှန်ကန်ကန် တင်ပြဖို့ပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းများ ဖြိုခွဲခြင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲအရာရှိများနှင့်လည်း ဆွေးနွေးခဲ့ရာတွင် ပထမအဆင့်အနေဖြင့် မီးသတ်ပိုက်နှင့်ထိုးကာ ထွက်ခွာပေးဖို့ပြောခဲ့ကြောင်း၊ နောက်တစ်ဆင့်တွင်မှ မျက်ရည်ယိုဗုံးသုံးခဲ့ကြောင်း၊ မျက်ရည်ယိုဗုံးနှင့် ရေပေါင်းပါက မည်သည့်အာနိသင်ရှိသည် ဆိုသည်ကို စုံစမ်းရမည်ဖြစ်ကြောင်း၊
သက်သေမထင်ရှားသေးသမျှ အပြစ်မဲ့ဟုသာ သတ်မှတ်ရမည်ဖြစ်ပြီး လူတိုင်းသည် သံသယ၏အကျိုးကို ခံစားခွင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

'' ကျွန်မတို့ ဒီစုံစမ်းစစ်ဆေးရေးမှာ တရားဥပဒေစိုးမိုးရေးမူအရ သွားပါမယ်။ အဲဒီမူရဲ့အခြေခံက ဘာလဲဆိုတော့ အပြစ်ရှိထင်ရှားတယ်ဆိုတဲ့သက်သေ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် မရှိသေးသရွေ့ အပြစ်မဲ့လို့ပဲ သတ်မှတ်ပါတယ်။ အဲလိုသက်သေတွေရှိမှ ဘယ်သူ့မှာအပြစ်ရှိတယ်။ ဘယ်လိုအပြစ်ရှိတယ်ဆိုတာကို ဆုံးဖြတ်မှာပါ။ ခပ်တိုတိုပြောရမယ်ဆိုရင် လူတိုင်းမှာ သံသယရဲ့အကျိုးကို ခံစားနိုင်ရမယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။

လယ်တီဆရာတော်ဘုရားကြီးနှင့် လက်ပံတောင်းတောင် ပတ်သက်နေသည့်အပေါ် သာသနာရေးဆိုင်ရာကိစ္စတွင် အများကနေပြီး အသိပညာရှင်အနေဖြင့် လက်ခံထားသော ပုဂ္ဂိုလ်ကြီးများ၏ အကူအညီကို တောင်းခံကာ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များကို တစ်ဦးချင်းအနေဖြင့် သတင်းထုတ်ပြန်ခြင်းမပြုရန် စည်းမျဉ်းထုတ်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သက်ဆိုင်ရာကျေးရွာများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတော်သည် ပြည်သူလူထုအပေါ်မှာ တာဝန်ရှိသည်ဆိုသည့်အမြင်၊ တရားဥပဒေစိုးမိုးရေး အမြင်များနှင့်သာ စုံစမ်းကြောင်း၊ တတ်နိုင်သမျှ ပြည်သူလူထုနှင့် ပူးပေါင်းစုံစမ်းသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခြင်းမှာ ယခုကော်မရှင်သည် လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်သာ ဖွဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်အချက်များကို လျော့ချလိုက်ခြင်းမဟုတ်ဘဲ ပြည်သူ့လွှတ်တော် အဆိုပြုချက်များနှင့်အညီ ကိုက်ညီအောင် ပြင်ဆင်လိုက်ရခြင်းသာဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။

လက်ပံတောင်းတောင်ကိစ္စ ဆန္ဒပြမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ''ပထမဆုံး အန်တီသိချင်တာက ဘာအတွက်ဆန္ဒပြလဲဆိုတာကို သိချင်ပါတယ်။ ဘာအတွက် ဆန္ဒပြတယ်ဆိုတာသိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲဒါက အရေးကြီးပါတယ်။ ကျွန်မတို့အနေနဲ့ ဘယ်လိုဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားတယ်ဆိုပေမယ့် နားလည်မှုနဲ့ အားလုံးအဆင်ပြေရေးကိုလည်း ဦးထိပ်ထားပြီး လုပ်သွားမယ်'' ဟု ဖြေကြားခဲ့သည်။

မေးမြန်းမှုများကို ဆက်လက်ဖြေကြားခဲ့ရာတွင် လက်ပံတောင်းတောင်ကိစ္စသည် တာဝန်ရှိသူအားလုံး သိသင့်ကြောင်း၊ ကော်မရှင်အနေဖြင့် မည်သူ့မှာတာဝန်ရှိသည်ဟု ပြောပြီး ခေါင်းရှောင်သွားမည် မဟုတ်ကြောင်း၊ သက်သေပစ္စည်းများကို စစ်ဆေးရာတွင် ပြင်ပပညာရှင်များကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး အစိုးရဘက်မှ လုံးဝပါမည်မဟုတ်ကြောင်း၊ ဗိုလ်ချုပ်ဟောင်းများ ပါဝင်နေသည့် ဦးပိုင်ပါဝင်နေသော်လည်း အခက်အခဲမရှိကြောင်း၊ အမှန်အတိုင်းသာ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

လက်ပံတောင်းတောင်နှင့် မြစ်ဆုံကိစ္စများတွင် တရုတ်ကုမ္ပဏီများ ပါဝင်နေသည့်အပေါ် မေးမြန်းမှုအပေါ် ယင်းကုမ္ပဏီများမှာ မြန်မာအစိုးရနှင့် သဘောတူညီချက်အရ လုပ်ခြင်းသာဖြစ်ကြောင်း၊ လုပ်ချင်တိုင်း လာလုပ်လို့ရသည် မဟုတ်ကြောင်း၊ ကိုယ့်နိုင်ငံအတွက် ကိုယ့်အစိုးရကသာ တာဝန်ယူရမည် ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှုအပေါ် အခြေခံလုပ်သွားပါက ယခုကဲ့သို့ ပြဿနာမျိုးများ ဖြစ်လာမည်မဟုတ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးပြီး အပေးအယူဖြင့်သာ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့သည်။

''ညှိနှိုင်းဆွေးနွေးပြီး အပေးအယူလုပ်တယ်ဆိုတာ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ရမယ်။ တစ်ဖက်ကနေပြီးတော့ လုံးဝလက်မခံဘူးဆိုရင် ဒါအပေးအယူမဟုတ်ဘူး။ အပေးအယူရဲ့ သဘောတရားက နှစ်ဖက်စလုံးက ပျော့ပြောင်းမှု ရှိရမယ်။ နားလည်မှုရှိရမယ်။ ဒါဟာ ဒီမိုကရေစီ အခြေခံပဲ။ အပေးအယူမလုပ်ဘဲနဲ့၊ မဆွေးနွေးဘဲနဲ့ ကိုယ်လိုချင်တာပဲရအောင် လုပ်မယ်ဆိုတာ ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ဘူး'' ဟု ၄င်းက ပြောပါသည်။

ယခုကိစ္စကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက ယခုကဲ့သို့ ဖြစ်သွားနိုင်သည်ကို ယူဆသွားစေနိုင်ကြောင်း၊ သတင်းထောက်များနှင့် ပတ်သက်၍လည်း မည်သည့်ကိစ္စမဆို သတင်းထုတ်ပြန်သည့်အခါတွင် မျှမျှတတ လုပ်စေချင်ကြောင်း၊ သေသေချာချာ စိစစ်စုံစမ်းစေလိုကြောင်း၊ နောက်ကြောင်းများကိုလည်း သေသေချာချာ လေ့လာစေချင်ကြောင်း၊ မျှမျှတတနှင့် နိုင်ငံ၏ ရေရှည်အကျိုးကိုကြည့်ကာ မှန်မှန်ကန်ကန် သုံးသပ်တင်ပြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွင်းမှုအပေါ် နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် လူပုဂ္ဂိုလ်များမှ ယင်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဖွဲ့ဝင် ၁၄ ဦးလျော့ချကာ ကော်မရှင်ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

Eleven media group

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.