Thursday, December 6, 2012

0 ပြည်သူတို့၏ ပြည်သူ့ဂုဏ်ရည်

“ပြည်သူ့ဂုဏ်ရည်” ဟူသည်ပြည်သူတို့၏ လူမှုရေးလိုအပ်ချက်များအား စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ကြသော ပရဟိတသမားများအား ဂုဏ်ပြုချီးမြှင့်ပေးသောအဖွဲ့ (သို့) လူမှုရေးအားဆေး ခွန်အားများ တိုက်ကျွေးပေးသောအဖွဲ့ဖြစ်သည်။ “ပြည်သူ့ဂုဏ်ရည်” အဖွဲ့သည် အမေရိကန်နိုင်ငံရှိ မြို့ပေါင်းစုံမှ မြန်မာ လူမျိုးများနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်မှစ၍ ယနေ့တိုင်နှစ်စဉ် မြန်မာပြည်တွင်းရှိ လူမှုရေးစွမ်းဆောင်သူများနှင့် မြန်မာ့ပြည်သူ့အရေး စွမ်းဆောင်သူများအား “ပြည်သူ့ဂုဏ်ရည်” တည်း ဟူသောဆုတံဆိပ်အား အမေရိကန်နိုင်ငံတွင် ချီးမြှင့်ပွဲများ ကျင်းပလျှက်ရှိသည်။

ယခုဆိုလျှင် “ပြည်သူ့ဂုဏ်ရည်” အဖွဲ့အနေဖြင့် လူမှုရေးစွမ်းဆောင်သူများအား ဂုဏ်ပြုချီးမြှင့် အားဆေးတိုက်ကျွေးရုံနှင့် မကတော့ချေ။ မြန်မာတွင်းရှိ ဆင်းရဲဒုက္ခပေါင်းစုံ ခံစားနေရသော သဘာဝဘေး အန္တရာယ်များဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် လူမျိုးရေးပဋိပက္ခ၊ စစ်ဘေးသင့် တိုင်း ရင်းသားပြည်သူအပေါင်းတို့အား ဖေးမကူညီ လှူဒါန်းနိုင်ရန်အတွက် ရန်ပုံငွေပွဲများကျင်းပ၍ အလှူငွေများ ရှာဖွေပေးသော အဖွဲ့ဖြစ်ခဲ့ပြီ ဖြစ်တော့သည်။ ၂ဝ၁၂ ခုနှစ် ဇွန်လပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွတ်တို့အား အမေရိကန်နိုင်ငံသို့ ဖိတ်ကြားကာ အမေ ရိကန်နိုင်ငံရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံ၍ မြန်မာတွင်းရှိ လူမှုရေးလုပ်ဆောင်ချက်များအား သိရှိနိုင် စေရန် ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ယင်းတစ်ကြိမ်တွင် မြန်မာမိသားစုများမှ သဒ္ဒါတရား
ထက် သန်စွာ လှူဒါန်းခဲ့ကြသော အလှူငွေသိန်း (၁ဝဝဝ) ကျပ်ကျော်ခန့် ရရှိခဲ့ပါသည်။

ယခု ဒုတိယအကြိမ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်း မြင့်အောင်၊ အထူးဧည့်သည်တော် အသင်းသားများဖြစ်ကြသည့် ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင် တို့ (၃) ဦးအား အမေရိကန်နိုင်ငံရှိ “ပြည်သူ့ဂုဏ်ရည်” အဖွဲ့မှ ၂ဝ၁၂ ခုနှစ် အောင်တိုဘာလတွင် ထပ်မံ ဖိတ်ကြားမှုကြောင့် “ပန်းခရမ်းပြာ၏ အိပ်မက်များ” ခရီးစဉ်အဖြစ် မြို့ပေါင်း (၁ဝ) မြို့တွင် သွားရောက်ကာ ရခိုင်ပြည်နယ် ဒုက္ခသည်များနှင့် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ လှူဒါန်း နိုင်ရန်ရည်ရွယ်၍ ဟောပြောပွဲများကျင်းပခဲ့သည်။ ယင်းဒုတိယအကြိမ်တွင် အမေရိကန်နိုင်ငံ နယူးယောက် မြို့တွငစတင် ဟောပြောပွဲများ ကျင်းပရန်စီစဉ်ခဲ့သော်လည်း ဆန်နီမုန်တိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရ၍ ပွဲစီစဉ်မှုများ ရက်ရွှေ့ဆိုင်းခြင်း အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ရေလွှမ်းမိုးမှု၊ လျှပ်စစ်မီးပျက်တောက်မှု၊ ဆက်သွယ်ရေး ပျက်တောက်မှုများ သွားရေးလာရေး ပျက်တောက်မှုများ ကြုံတွေ့ခဲ့ရသော်လည်း “ပြည်သူ့ ဂုဏ်ရည်” အဖွဲ့အနေဖြင့် မြန်မာပြည်သူတို့အတွက် အလှူငွေရှာဖွေခြင်းဟူသော မြင့်မြတ်သောလုပ်ငန်းစဉ် အား အလျော့မပေး ရပ်နားခြင်းမရှိစေပဲ အောင်မြင်စွာကျင်းပခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံရှိ ”ပြည်သူ့ဂုဏ်ရည်” အဖွဲ့(ခွဲ)များရှိသော မြို့များအားဆက်လက်၍ အလှူငွေ၊ ရန်ပုံရှာဖွေပွဲများအား ကျင်းပ ပြုလုပ်ခဲ့ရာ အလှူငွေကျပ် စုစုပေါင်း ၂၉၁၃၃၇၄၃ (နှစ်ရာကိုးဆယ့်တစ်သိန်းသုံးသောင်းသုံးထောင်ခုနှစ်ရာ လေးဆယ့်သုံးကျပ်) ရရှိခဲ့သည်။

၅.၁၂.၂ဝ၁၂ ရက်နေ့ နေ့လည် ၁းဝဝ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ “ပန်းခရမ်း ပြာ၏ အိပ်မက်များ” ခရီးစဉ်မှရရှိခဲ့သော အလှူငွေများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ အထူးဧည့်သည်တော် အသင်းသားများဖြစ်ကြသော ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်တို့မှ ကချင်စစ်ဘေးသင့် ဒုက္ခသည်ပြည်သူအပေါင်းတို့အတွက် (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့မှတဆင့် အလှူငွေ ၁၄၅၆၆၇ဝ၆ (တစ်ရာလေးဆယ့်ငါးသိန်းခြောက်သောင်း ခြောက်ထောင်ခုနှစ်ရာ့ခြောက်ကျပ်) တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး ရခိုင်ပြည်နယ် လူမျိုးရေးပဋိပက္ခ ကြောင့် ဒုက္ခရောက်ခဲ့ကြသော ပြည်သူအပေါင်းတို့အတွက် ၁၄၅၆၆၇ဝ၆ (တစ်ရာလေးဆယ့်ငါးသိန်း ခြောက်သောင်းခြောက်ထောင်ခုနှစ်ရာ့ခြောက်ကျပ်) တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ပေးအပ် လှူဒါန်းခဲ့သည်။ ကချင်စစ်ဘေးသင့် ဒုက္ခသည်များအတွက် (၈၈) မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုပြုံးချိုမှ ကျေဇူးတင်စကား ပြန်လည်ပြောကြားခြင်းနှင့် ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ ယင်းအခမ်းအနားတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦး လှိုင်တို့မှ ပြည်ပအတွေ့အကြုံများကို ရှင်းလင်းပြောကြားကာ မီဒီယာများမှ သိလိုသည်များကို မေးမြန်ခဲ့ကြ ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ထို့ကြောင့် လူမှုရေးသမားအား ဂုဏ်ပြုအသိအမှတ်ပြုခြင်း၊ အားဆေးတိုက်ကြွေးခြင်းကိုသာ လုပ်ဆောင်ရုံမက ပြည်တွင်းရှိ ပြည်သူလူထုတို့၏ လိုအပ်ချက်များအား ဦးစီးဦးဆောင်ပြုလုပ်ကာ ပြည်ပမှ ရန်ပုံငွေများအား အခက်အခဲ ပေါင်းစုံကြားမှ စွမ်းစွမ်းတမံ ရှာဖွေပေးနေသော “ပြည်သူ့ဂုဏ်ရည်” အဖွဲ့အား “ပြည်သူတို့၏ ပြည်သူ့ဂုဏ်ရည်” ဟူ၍ ဂုဏ်ပြုမှတ်တမ်းတင် လိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.