Saturday, December 8, 2012

0 အာဏာပိုင်များ၏ မှားယွင်းမှုကို မပြောကြနဲ့ဆိုသည့် ချွေးသိပ်သော အတွေးအခေါ်သည်သာ တကယ့်နောက်ကြောင်းပြန်နေသော စိတ်ဓါတ်-Nay than maung

Photo..US campaign for Burma

ဥပဒေချိုးဖောက်ပြီး ဆန္ဒပြခြင်းနဲ့ ထိုဆန္ဒပြခြင်းကို ဖမ်းဆီးမှုများသည် ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းလား၊ Issue ပေါ်မူတည်ပြီး နိုင်ငံရေးအရ လုပ်နေခြင်းလားဆိုသည်မှာ ဥပဒေစိုးမိုးရေးဆိုသည်ကို စိန်ခေါ်နေခြင်းဖြစ်သည်။
ဒီမိုကရေစီစနစ်ကိုသွားနေသည့် ကာလတွင် ဆန္ဒပြမှုများကို စိုးရိမ်သူများရှိလာနေသည်။ဆန္ဒပြမှုများ ရှိလာခြင်းသည် နောက်ပြန်လှည့်ရန် စိန်ခေါ်နေသည်ဟု ခံစားရသူများ ရှိလာနေသည်။နောက်ပြန်လှည့်ခြင်းသည် ဆန္ဒပြမှုများနှင့် အင်အားသုံး ဖြိုခွဲမှုများ ထိပ်တိုက်တွေ့ရာ မှ ပေါ်ပေါက်လာနိုင်သောကြောင့် အင်အားသုံးဖြိုခွဲမှုသည် လစ်ဘရယ် ဒီမိုကရေစီ အခြေကျရန် အကြီးဆုံးသော အဟန့်အတားဟု မမြင်ဘဲ ဆန္ဒပြခြင်းသည် ထိုအင်အားသုံးခြင်းကို ဖိတ်ခေါ်သောကြောင့် နောက်ပြန်မလှည့်ရန် မလုပ်သင့်ဟု ဆက်ပြီး ခံစားကြခြင်းဖြစ်သည်။

ဆန္ဒပြခြင်းအတွက် ဥပဒေဘောင်အတွင်း သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လုပ်ဆောင်ခွင့်ရှိသည်။ သတ်မှတ်ထားသော စည်းကမ်းများကို ပေါ်လာသည့် issue အလိုက် ဥပဒေအရမဟုတ်ဘဲ နိုင်ငံရေးအရ ခွဲခြားသောအခါ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆန္ဒပြသူများက မလုပ်ဆောင်ကြတော့။

ထိုသို့ မလုပ်ဆောင်ကြသည့် ဆန္ဒပြမှုများရှိသော်လည်း Issue အပေါ်လိုက်ပြီး အာဏာပိုင်များက အရေးယူသည့် ပုံစံများ ကွဲပြားလာသည်။ ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ၃ကြိမ်အထိ
ဆန္ဒပြခြင်းကို မည်သည့်ရဲမှ အရေးမယူသလို ပိတ်ဆို့ဟန့်တားခြင်းလည်းမရှိ။ သို့သော် တရုတ်သံရုံးရှေ့ ဆန္ဒပြခြင်းကိုမူ ပိတ်ဆို့ဟန့်တားသည်။

နည်းဥပဒေချိုးဖောက်မှု ၁၅ကြိမ်ထက်မနည်းရှိသူများ တရားရုံးတွင် ဥပဒေအတိုင်း ဖြေရှင်းမှု ရှိနေသေးသည့် အနေအထားအောက်တွင် ကြေးနီစီမံကိန်းအရေး ဆန္ဒပြသူများကို ဆန္ဒပြသည့်နေရာတွင်ပင် ရုပ်ဆိုးအကျည်းတန်စွာ ဖမ်းဆီးသည်။

ဆိုလိုရင်းမှာ ဥပဒေချိုးဖောက်ပြီး ဆန္ဒပြခြင်းနဲ့ ထိုဆန္ဒပြခြင်းကို ဖမ်းဆီးမှုများသည် ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းလား၊ Issue ပေါ်မူတည်ပြီး နိုင်ငံရေးအရ လုပ်နေခြင်းလားဆိုသည်မှာ ဥပဒေစိုးမိုးရေးဆိုသည်ကို စိန်ခေါ်နေခြင်းဖြစ်သည်။

ထိုအခါ ဘေးမှ ရပ်ကြည့်နေသူများထဲမှ အချို့က ဆန္ဒပြခြင်းသည်မကောင်း။ နောက်ကြောင်းပြန် လှည့်နိုင်သည်ဟု ဆိုကြသည်။ ထိုအသံကို ကျယ်ကျယ်လောင်လောင် အော်လာကြသည်။ AnimalFarmထဲကသိုးများလို ခြေနှစ်ချောင်းမကောင်း၊ ခြေလေးချောင်းသာ ကောင်း၏ ဟု ကြွေးကြော် ၀ါဒဖြန့်မှုအောက် ပိတ်မိနေသည်နှင့် တူသည်။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လိုရင်လိုသလို လုပ်နေသည့် ဖြစ်ရပ်ကို ထောက်ပြခြင်းမျိုး အားနည်းသည်။

(လက်ပံတောင်းတောင် သပိတ်ကို ဖြိုခွဲမှုမှာ ၁၄၄ ပုဒ်မထုတ်ပြန်ထားသဖြင့် ဥပဒေအရ သပိတ်ကို ဖြိုခွဲခွင့်ရှိသည်။ သို့သော် အကြမ်းဖက်ဖြိုခွဲမှုမှာ လူယဉ်ကျေးတို့၏ လုပ်ရပ်မဟုတ်။ ထောက်ပြ လိုသည်မှာ ဥပဒေအတိုင်း မည်သို့ တရားမျှတအောင် ဆောင်ရွက်မည်ဆိုသည်ကို Issue ပေါ် အခြေမခံဘဲ လုပ်ဖို့ဖြစ်သည်)

တရုတ်နိုင်ငံတွင် ဆန္ဒပြခြင်းကို ခွင့်မပြုသော်လည်း ဂျပန်နှင့် အမေရိကန်ဆန့်ကျင်ရေးဆိုပါက လမ်းမပေါ် တရုတ်ကျောင်းသားကျောင်းသူ သိန်းနဲ့ချီဆန္ဒပြသည်ကို လွှတ်ပေးထားသည်။ တရုတ်နိုင်ငံနှင့်ပတ်သက်လာပါက တရုတ်တို့ လမ်းပေါ်ထွက်ခွင့်မရ။

ဆန္ဒပြမှုများကို မြန်မာပြည်တွင် စိုးရိမ်စရာဖြစ်သည်၊ နောက်ကြောင်းပြန်လှည့်ဖို့ ဖိတ်ခေါ်နေခြင်းဖြစ်သည်ဟု ၀ါဒဖြန့်ခြင်းသည် လစ်ဘရယ်ဒီမိုကရေစီ ရှင်သန်စေရန် အားပေးခြင်းမဟုတ်ဘဲ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဖြိုခွဲမည့် အာဏာပိုင်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းဟု နားလည်နေပြီး နောက်ကြောင်းပြန်လှည့်နိုင်သည်ဟု စိုးရိမ်ခြင်းဖြစ်သည်။

မြန်မာ့အသွင်ကူးပြောင်းရေးသည် ၂နှစ်အတွင်း ဒီမိုကရက်တိုက်ဇေးရှင်းနှင့် ယှဉ်တွဲပုံဖော်နေရသည်ကို မေ့နေကြသည်။ လစ်ဘရယ်လိုက်ဇေးရှင်းနှင့် ဒီမိုကရက်တိုက်ဇေးရှင်း တပြိုင်တည်းပုံဖော်ရာတွင် အလှုပ်အရမ်းများသည်ကို နားလည်ထားရမည်။

ထိုအလှုပ်အရမ်းကို နောက်ကြောင်းပြန်လှည့်နိုင်သည်ဟု ယူဆနေပါက ဒီမိုကရေစီအခြေကျဖို့ မဖြစ်နိုင်။ နိုင်ငံရေး ခရိုနီနှင့် ဥပဒေကို လက်တစ်လုံးခြားလုပ်သူ အာဏာပိုင်များ၏ မှားယွင်းမှုကို မပြောကြနဲ့ဆိုသည့် ချွေးသိပ်သော အတွေးအခေါ်သည်သာ တကယ့်နောက်ကြောင်းပြန်နေသော စိတ်ဓါတ်တို့ဖြစ်သည်။

ထိုသို့ မပြည့်ဝသော အတွေးအခေါ်တို့သည် နောက်ကြောင်းပြန်ဖို့ မျိုးစေ့ချနေခြင်းဖြစ်သည်။

ရေးသားသူ - နေသန်မောင်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.