Saturday, December 8, 2012

2 "အံ့သြလွန်းလို့ သေတော့မယ်"-ငြိမ်းချမ်းအေး

"အံ့သြလွန်းလို့ သေတော့မယ်" ဆိုတဲ့ သူတွေ နှစ်ခါပြန် သေ လို့ရတယ်..။ ပြည်သူကို အမှန်ချပြ..၊ ချမပြောဘဲ၊ အသိဖွင့်မပေးဘဲနဲ့ လောဘီလုပ်တဲ့ စာနယ်ဇင်းတွေ၊ နိုင်ငံရေး ဂုရုတွေ..၊ ပဂေးတွေ၊ ပညာရှင် တွေ ရှိနေမှတော့ သေတော့မယ် ဆိုရင် နှစ်ခါပြန် သေနိုင်တယ်..။

ဦးနု နဲ့ ဗိုလ်သိန်းစိန် နှိုင်းစရာ မဟုတ်တာ လာနှိုင်းပြီး ခုအချိန်ထိ စစ်အုပ်စု လမ်းကြောင်းမှန်နဲ့ လားရာ ကို အမှန်အတိုင်း မသုံးသပ်ရဲ..၊ မသုံးသပ်ဝံ့ဘဲ နဲ့ တောင်ပြော၊ မြောက်ပြော ဗိုလ်သိန်းစိန် ဘောမ နိုင်ငံရေး နှပ်ကြောင်းပေးနေသမျှ တိုင်းပြည်ရဲ့ ငယ်ထိပ်မြွေပေါက် ခံရမယ့် အခြေအနေက လွတ်မှာမဟုတ်တဲ့ အတွက် "အံ့သြလွန်းလို့ သေတော့မယ်" ဆိုသူတွေ မြန်မြန်သေလေ.. တိုင်းပြည် ကောင်းလေပဲ..။

ဦးနု နဲ့ ဖဆပလ အစိုးရ မှာ ဂိုဏ်၊ အုပ်စု အမျိုးမျိုးနဲ့ နိုင်ငံရေး အရ အားနည်းချက်တွေ အများကြီး ရှိခဲ့တယ်..။ ဒါပေမယ့် ဦးနု ရဲ့ ကိုယ်ကျင့်သိက္ခာ၊ မူ၊ သတ္တိ နဲ့ သူ့ရဲ့ နိုင်ငံရေး သမိုင်း ကို ဘယ်လိုမှ ဘယ်တော့မှ မေးခွန်းထုတ် ထောက်ပြလို့ မရဘူး..။

သူက "တိုင်းပြည်အာဏာကို ပစ္စည်း တစ်ခုလို သဘောမျိုးနဲ့ ဟိုအပ်သည်လွှဲ" လုပ်ခဲ့တာမဟုတ်ဘူး..။ သူ့အိမ် အပါအဝင် ရန်ကုန်ရဲ့ အချက်အခြာ ကျတဲ့ နေရာတွေအားလုံးကို စစ်တပ် က အမြောက် နဲ့ ချိန်ပြီး ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စစ်အုပ်စု က အာဏာတောင်းလို့ "ဒီလို မင်းမဲ့စရိုက် လက်နက်နဲ့ အာဏာ တက်သိမ်းရင် ငါတို့ရဲ့ တိုင်းပြည် လွတ်လပ်စ ဒီမိုကရေစီ သမိုင်းမှာ
ရာဇဝင်ရိုင်းမယ်..၊ မင်းတို့ကို အခြေခံဥပဒေ နဲ့ အညီ ခေတ္တ အာဏာလွှဲပေးမယ်" ဆိုပြီး အကောင်းဆုံး နည်းလမ်း၊ ပညာရှိနည်း နဲ့ စစ်အုပ်စု ကို အခြေခံဥပဒေ နဲ့ ချုပ်ပြီး အာဏာပေးခဲ့တယ်..။

(စကားချပ် - ခုခေတ်လို စစ်ဖွဲ့စည်းပုံ နဲ့ ကိုယ့်ဘာသာ ချုပ်ပြီး စစ်လွှတ်တ်ာထဲ ဝင်သွားတာမဟုတ်ဘူး..။)

ဦးနု ရဲ့ အဲ့ဒီ နိုင်ငံရေး နည်းဗျူဟာ ကို သူ့ရဲ့ အတိုက်အခံတွေအပါအဝင် ကြိုက်တဲ့ နိုင်ငံရေးသမား နဲ့ လေ့လာသူပညာရှင်တွေ ကို သုံးသပ်ခိုင်းကြည့်..။ ပစ်ပစ်ခါခါ ဝေဖန်လို့မရဘူး..။ သူ့ရဲ့ ဖြတ်ထိုးဥာဏ် နဲ့ သူရသတ္တိ ကို ချီးကြူး ရတာချည်းပဲ..။ သူလွှဲပေးတဲ့ ပြည်သူ့ အာဏာကို ပြည်သူပြန်ရဖို့လည်း ရေငုံနှုတ်ပိတ်၊ "အားလုံးကောင်းပါသည် ခင်ဗျာ" ငြိမ်ခံ နိုင်ငံရေးလုပ်ပြီး တောင်းခဲ့တာ မဟုတ်ဘူး..။ အဲ့ခေတ် (၅၈-၆၀) သူ့ရဲ့ လူထုမိန့်ခွန်းတွေ လေ့လာကြည့်..။

သူဘယ်လို စစ်အာဏာရှင်စနစ် စတင်အမြစ်တွဲ နေပြီ ဆိုတာကို ထောက်ပြ၊ ရွေးကောက်ပွဲ အမြန်လုပ်ဖို့ ရဲရဲတောက်တောက် မိန့်ခွန်းတွေနဲ့ တောင်းဆို တိုက်ပွဲဝင်ခဲ့တာ တွေ့လိမ့်မယ်..။ "အံ့သြလွန်းလို့ သေတော့မယ်" သူတွေ စာဖတ်မနာ၊ သမိုင်းမသိ ရင် အဲ့ခေတ်မီခဲ့တဲ့ သူတွေ မေးကြည့်..။ ဆရာဦးဝင်းတင် မေးကြည့်..။ အဲ့ခေတ်တုန်းက လူငယ်ပိုင်း ဖြစ်တဲ့ ဆရာမောင်ဝံသ မေးကြည့်..။

သူရဲ့ အဲ့ခေတ် ပရိတ်သတ် သိန်းချီတဲ့ နိုင်ငံရေး တရားပွဲ တွေအကြောင်း နဲ့ ဘာတွေ ပြောခဲ့တယ်..၊ ဘယ်လို လူတန်းစာတွေ အဓိက ပါခဲ့တယ် ဆိုတာ သိလိမ့်မယ်..။

ဦးနု ကို အဲ့ခေတ်ထောက်ခံခဲ့တဲ့ သူတွေဆိုတာ အခြေခံလူတန်းစာ၊ ပညာမဲ့ အများစုပဲ..။ ဒါပေမယ့် သူတို့က ဘယ်တော့မှ စစ်အုပ်စု ဒလန် စစ်အာဏာရှင် နှပ်ကြောင်း ပေး မလုပ်ခဲ့ဘူး..။ ဖဆပလ မှာ စစ်တပ် နဲ့ နီးစပ်တာ၊ စစ်တပ်လိုလားတာ၊ ဘယ်လို အုပ်စုတွေလည်း ကြည့်ကြည့်..။ ပညာတတ်ဆိုတဲ့ သူတွေချည်း ဖောက်ပြန်ခဲ့တာ..။ ငါးတန်းမအောင်တဲ့ "မသွဲ့သွဲ့ဝင်း" လို လူတန်းစားကပဲ ဘဝနဲ့ ရင်းလို့ သိခဲ့တဲ့ အသိနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင့်ရမှန်းသိကြတာချည်းပဲ..။

ကဲ... နိုင်ငံရေး ကိစ္စတွေထား..။ ရဟန်းသံဃာ တွေရဲ့ ဆန္ဒပြပွဲ ကိုင်တွယ်ပုံချင်းလည်း ဗိုလ်သိန်းစိန် နဲ့ ဦးနု ယှဉ် ပြမယ်..။

[ အမှန်က ဘယ်ကိစ္စမှ ယှဉ်စရာ အကြောင်းမရှိပါဘူး..။ "မနိုင်မနင်းဖြစ်ပြီး ၀န်ကြီးချုပ် ဦးနုတုန်းကလို တိုင်းပြည်အာဏာကို ပစ္စည်း တစ်ခုလို သဘောမျိုးနဲ့ ဟိုအပ်သည်လွှဲ လုပ်မှာပဲ" ဆိုတဲ့ စကား နဲ့ အတွေးအခေါ်ကို နားကြားပြင်းကတ် လို့ ပြောပြတာပါ..။ ]

ဦးနုခေတ် ရဟန်းသံဃာတွေ ဆန္ဒပြရင် ဦးနု ကိုယ်တိုင်ဆန္ဒပြတဲ့ နေရာသွား..၊ နှစ်လံလောက် အလိုကတည်းက ကားပေါ်ကဆင်း၊ ဖိနပ်ချွတ်..၊လက်အုပ်ချီသံဃာတွေနားကပ်ကန်တော့ဆန္ဒပြတဲ့အကြောင်း မေးမြန်းလျှောက်ထား ပြေလည်အောင် ကြိုးစားခဲ့ပေးတာချည်းပဲ..။ ဗိုလ်သိန်းစိန်ရဲ့ နပမ်းဗုံးနဲ့ နှိုင်းလို့ကို မရဘူး..။ ခုရေးရင်းနဲ့ သန တောင် လာပြီ..။

"အံ့သြလွန်းလို့ သေတော့မယ်" ဆိုတဲ့ သူတွေ နောက်ဆုံး ဆိုလိုရင်းကတော့ ခုလို တိုင်းပြည် မတညိမငြိမ်၊ မနိုင်မနင်းဖြစ်ရင် "တိုင်းပြည်အာဏာ ကို စစ်တပ် ပြန်ပေးရတော့မယ်" ဆိုတဲ့ "နောက်ပြန်လှည့်သွားလိမ့်မယ်" ဆိုတဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ်ကို တဘက်လှည့်နဲ့ ပြောပြီး အစိုးရ ကို ပြောသလို နဲ့ ပြည်သူ့ကို ပြန် ခြောက်တာပဲ..။

ခု လက်ရှိ တိုင်းပြည်အာဏာ ဟာ ပြည်သူ့ဆီမှာ ရှိနေတာမဟုတ်တဲ့အတွက် စစ်တပ်ကို တကယ် အာဏာ တရားဝင် ပြန်ပေးရလည်း၊ တနည်းအားဖြင့် စစ်တပ်က အာဏာပြန်သိမ်းလည်း ကြောက်စရာ ဘာအကြောင်းမှ မရှိဘူး..။

တကယ် အာဏာပြန်သိမ်းခဲ့ရင် လက်ရှိ တိုင်းပြည်မှာ ဖောက်ပြန်နေတဲ့ ဒီမိုကရေစီ အင်အားစု ရဲ့ အတွေးအခေါ်တွေ ပျောက်ပြီး စစ်လွှတ်တော်မပါ၊ စစ်ဖွဲ့စည်းပုံ ကို အခြေမခံတဲ့ ဒီမိုကရေစီ လမ်းကြောင်းမှန် ပြန်လျှောက်နိုင်မှာ ဖြစ်တဲ့အတွက် တကယ်က ဝမ်းတောင် သာရအုံးမယ်..။

ဒါပေမယ့် တကယ်က အဲ့လို ဝမ်းသာရမယ့် အခြေအနေမျိုး ဖြစ်လာစရာ အကြောင်းတော့ မရှိပါဘူး..။

အကြောင်းက နိုင်ငံရေး လုပ်လာတာ အံတိုနေပြီဖြစ်တဲ့ စစ်အုပ်စုက တရားဝင်တဲ့ စစ်အာဏာရှင်စနစ် ကို တည်ထောင်၊ အနောက်အုပ်စုနဲ့ ပေါင်းစားပြီး တိုင်းပြည်မှာ ရေရှည် ထင်တိုင်းကြဲလို့ ရမယ့် နည်းလမ်းသဘောကို သိ၊ တရားဝင်တဲ့ စစ်အာဏာရှင်ရဲ့ အရသာကို တွေ့နေပြီ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ပညာတတ်တွေ၊ နိုင်ငံရေး သုခမိန်တွေ၊ "အာဏာပြန်သိမ်းပါ" ဆိုတောင် မသိမ်းချင့်တော့ဘူး..။

စစ်တပ် နဲ့ အာဏာသိမ်းတော့ စစ်အစိုးရ ဆိုပြီး နာမည်ပျက်အုံးမယ်..၊ အနောက်အုပ်စုကလည်း ငြိုငြင်အုံးမယ်..၊ စီးပွားရေး ပိတ်ဆို့တာလည်း ခံရအုံးမယ်..။ ခု လက်ရှိအခြေအနေအတိုင်း စစ်အုပ်စု ရဲ့ အကျိုးစီးပွားကို မထိ၊ အရပ်သားအစိုးရ နာမည်ခံနေရင်း အိမ်ဖြည့်အတိုင်အခံ နိုင်ငံရေးသမားတွေ မွေးထားပြီး ပြည်သူအပေါ်ဂုတ်သွေးစုပ်နေခွင့်ရတာလောက် ကောင်းတာ ဘာရှိအုံးမှာလဲ..။

မြင်အောင်ကြည့်စမ်းပါ..။ ထောက်ပြစမ်းပါ..။

"သမ္မတဂျီး အောင်မြင်ပါစေ" ဆိုတဲ့ ဘောမအတွေးအခေါ်၊ ဘောမနိုင်ငံရေး၊ ဘောမ စာနင်းဇင်း နဲ့ ဘောမ လူတွေ ကျဆုံးပါစေ..။

ငြိမ်းချမ်းအေး
၀၇ ၊ ဒီဇင်ဘာ ၊ ၂၀၁၂

2 comments:

  1. တရားဝင်တဲ့ စစ်အာဏာရှင်ရဲ့ အရသာကို တွေ့နေပြီ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ပညာတတ်တွေ၊ နိုင်ငံရေး သုခမိန်တွေ၊ "အာဏာပြန်သိမ်းပါ" ဆိုတောင် မသိမ်းချင့်တော့ဘူး..။

    သိပ်မှန်တယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.