Saturday, December 8, 2012

0 ကျေးဇူးဂါရဝ သံဓိဋ္ဌာန်ချ အခမ်းအနား


ကျေးဇူးဂါရဝ သံဓိဋ္ဌာန်ချ အခမ်းအနား
နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျွန်တော်တို့အားလုံး၏ ကျေးဇူးရှင်၊ ပြည်သူ/သား အားလုံး၏ ကျေးဇူးရှင်တစ်ဦးဖြစ်သူ၊ (၇)ရက်သားသမီးတို့၏ နာရေးကိစ္စများကို “သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်” ဟူသော စကားအတိုင်း လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ မရွေးတို့၏ နာရေးကိစ္စများကို (အခမဲ့) ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး၊ စာရေးဆရာ၊ ဒါရိုက်တာ ဘဘဦးသုခ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသည်မှာ (၇)နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျေးဇူးရှင် ဘဘဦးသုခ၏ နောက်ဆုံးချိန် ခေါင်းချရာဖြစ်သော ရေဝေးသုဿန်ရှိ အုတ်ဂူအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့ဦးဆောင်၍ အသင်းသား/သူများ၊ ဝန်ထမ်းများနှင့် သွားရောက်၍ ပေါင်းသင်၊ မြက်နှုတ် သန့်ရှင်းရေးလုပ်ငန်းများကို သွားရောက်ပြုလုပ်ခဲ့ပါသည်။

နံနက်(၆း၃ဝ)နာရီအချိန်မှစ၍အသင်းတည်ရှိရာအမှတ်(၁၃/က)၊ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်မှ ရေဝေးသုဿန်သို့ ပေါက်တူး၊ ပေါက်ပြား၊ တံမြတ်စည်း၊ လှေခါး၊ ရေအိုးရေခွက်၊ ဂျီးချွတ်ဆေးရည်၊ ပန်းအိုး၊ ပန်းများအား သယ်ဆောင်၍ ရေဝေးသုဿန်သို့ ထွက်ခွာခဲ့ပြီး အုတ်ဂူ၏ အနီး ပတ်ဝန်းကျင်ရှိရှုတ်ထွေးနေသော မြက်ပင်များအားနှုတ်ခြင်း၊ အုတ်ဂူနှင့်သံတိုင်များအား ဆေးကြောသန့်စင် မှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ဆီမီး၊ အမွှေးတိုင်၊ ပန်းတို့ဖြင့် ဂါရဝတရားရှေ့ထားကာ ကာယကံ၊ ဝစီကံ၊ မနောကံတို့နှင့် ပြစ်မှားခဲ့သည်ရှိပါက ခွင့်လွှတ်ပါရန် နှင့် မိမိတို့ ပြုခဲ့သမျှ (၂ဝဝ၁ ခုနှစ်မှ ယနေ့တိုင် (၁၂) နှစ်တာကာလ) အတွင်း ကုသိုလ်ကောင်းမှု အစုစုတို့ ကို အမျှပေးဝေခဲ့ပါသည်။ တလက်စတည်း ရေဝေးသုဿန်ရှိ ဆရာကြီး မင်းသိင်္ခ၏ အုတ်ဂူသို့လည်း သွားရောက်ဂါရဝပြု၍ ဆီမီး၊
ပန်း၊ အမွှေးတိုင် တို့နှင့် ဆက်ကပ်မှုကို ပြုလုပ်ခဲ့ပါသည်။

ဤသို့ပြုလုပ်ခဲ့ရာ၌ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားသည်မှာ (၇) နှစ် ပြည့်ခဲ့ပြီဖြစ်သော ဘဘ ဦးသုခ ၏ အုတ်ဂူပတ်ဝန်းကျင်သည် ရွံ့ဗွက်များနှင့် ရေများဝပ်နေမှုအား မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ၄င်းနေရာ တွင် ကွန်ကရစ်လောင်း၍ကြွေပြားခင်းကာ ရာသီမရွေးလာရောက်ရာ၌ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်း ကျင်တွင် ဂါရဝပြုနိုင်ရန်အတွက် မွမ်းမံပြင်ဆင်မှုကို ပြုလုပ်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမြန်ဆုံး ဆောင်ရွက်သွားတော့မည်ဖြစ်သည်။ ထိုကဲ့သို့ဘဘဦးသုခနှင့် တခြားသောကွယ်လွန်သွားရှာသူ နိုင်ငံ့ဂုဏ် ဆောင် ပုဂ္ဂိုလ်ကြီးတို့၏ အုတ်ဂူများကို နှစ်စဉ်တစ်ရက်သာသွားရောက်၍ သန့်ရှင်းရေး ပြုလုပ်ပြီး ဂါရဝ တရားထားကာ သွားရောက်ကန်တော့ခြင်းတို့ လုပ်နေရုံနှင့်မပြီး ဘဘဦးသုခနှင့် အထင်ကရ နိုင်ငံ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးများ၏ ဆုံးမသြဝါဒစကားများ၊ ထိုပုဂ္ဂိုလ်ကြီးများ ခင်းပေးခဲ့သောလမ်းအား မသွေ မတိမ်း လိုက်နာကျင့်သုံး လျှောက်လှမ်းမှုပြုရန် အရေးကြီးလှသည်။

ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ယနေ့ ဒီဇင်ဘာလ (၇) ရက်နေ့၌ (၇)နှစ် ပြည့်ခဲ့ပြီဖြစ်သော ကျေးဇူးရှင် ဘဘ ဦးသုခ ခင်းပေးခဲ့သောလမ်း၊ မျိုးစေ့ချပေးခဲ့သော လူမှုရေးသစ်ပင်အား ရှင်သန်ကြီးထွား ရန် မလျော့သော ဇွဲလုံ့လအားမာန်တို့ဖြင့် အတိုက်အခိုက် အနှောက်အယှက်များကို ကြံ့ကြံ့ခံကာ (၇) ရက် သားသမီး အများပြည် သူတို့အတွက် နာရေးကိစ္စတစ်ခုတင်မက ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးဒဏ်တို့အား ကိုယ်ကျိုးစွန့်၍ အများအကျိုးအတွက် ပေးဆပ်သွားမည်ဟု သံဓိဋ္ဌာန်ချမှတ် ထားခဲ့ပါ တော့သည်။

FFSS

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.